zawgyi one & unicode

Monday, February 11, 2013

ဖော်မပါခရီး တစ်ကိုယ်တည်း

  စင်္ကာပူနိုင်ငံ နာယကဝန်ကြီး မစ္စတာလီကွမ်ယု
ဖော်မပါခရီး တစ်ကိုယ်တည်း
ဘာသာပြန် ဆောင်းပါးရှင် - ဟိန်းလတ်
အိမ်ကို မည်သို့ ဆောက်မည်၊ စက်များကို မည်သို့ပြင်မည်၊ စာအုပ်မည်သို့ ရေးမည် ဆိုသည်ကို သင်ကြားပေးသည့် စာအုပ်များစွာ ရှိပါသည်။ သို့သော် တရုတ်၊ ဗြိတိသျှ၊ အိန္ဒိယ၊ ဒတ်ခ်ျ၊ အရှေ့အင်ဒီး(စ်)စသော တစ်ပြည်သူ တစ်ပြည်သားများ စုဝေးကျဲပြန့်နေသော နိုင်ငံတစ်ခုကို မည်သို့ တည်ဆောက်မည်၊ စီးပွားရေး ကစဥ့်ကလျား ဖြစ်နေသော ဒေသတစ်ခုတွင်းမှ ပြည်သူများအတွက် မည်သို့ အသက်ရှင်နေနိုင်ရန် လုပ်ပေးမည်ဆိုသော စာအုပ်မျိုးကို ကျွန်တော် တစ်ခါမျှမမြင်ဖူးပါ။



ကျွန်တော် အသက် (၄၂)နှစ်။ ၁၉၆၅ ခုနှစ်တွင် ကျွန်တော်သည် လူဦးရေ (၂) သန်း၏ အသက် အိုးအိမ်စည်းစိမ်ကို တာဝန်ယူရမည့် လွတ်လပ်သော စင်္ကာပူနိုင်ငံ၏ အကြီးအကဲ ဖြစ်မည်ဟုလည်း ကျွန်တော် တစ်ခါမျှ မမျှော်လင့်ဖူးပါ။ ကျွန်တော် အသက်(၃၅)နှစ်၊ ၁၉၅၉ ခုနှစ်ကပင် စင်္ကာပူပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်ဖြစ်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ကျွန်တော်တို့သည် မလေးရှားဖက်ဒရေးရှင်းနှင့် ပေါင်းခဲ့သည်။ စင်္ကာပူနှင့် ဖက်ဒရယ် အစိုးရနှစ်ခုကြားတွင် ပေါ်လစီနှင့်ပတ်သက်၍ အခြေခံ သဘောကွဲလွဲမှုများ ရှိခဲ့ပါသည်။ သို့ဖြင့် သြဂုတ်လ (၉)ရက်၊ ၁၉၆၅ ခုနှစ်တွင် ရုတ်တရက် ကျွန်တော်တို့သည် လွတ်လပ်သော နိုင်ငံအဖြစ် ခွဲထွက်ခဲ့ကြသည်။ ကျွန်တော်တို့မှာ မလေးရှားမှ ခွဲထွက်ပြီးနောက် ပန်းတိုင်သို့ လမ်းညွှန်မရှိ ဘာမရှိနှင့် မိမိလမ်းမိမိ လှမ်းခဲ့ကြရ၏။


 
မလေးရှားမှ ခွဲထွက်ပြီးနောက် ၁၉၆၅ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သော စင်္ကာပူအမျိုးသားနေ့ အခမ်းအနား
အခက်အခဲ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရ၏။ စင်္ကာပူသည် သဘာဝနိုင်ငံမဟုတ်။ လူတို့ဖန်တီးသောနိုင်ငံဖြစ်၍ စင်္ကာပူကျွန်းကို သယံဇာတမရှိဘဲ အမွေဆက်ခံရရှိခဲ့သည်။ နှလုံးသား မရှိသော ခန္ဓာကိုယ်ကဲ့သို့တည်း။ လွတ်လပ်ရေး ရပြီးပြီးချင်းပင် နိုင်ငံခြားသတင်းဌာနများက ချက်ချင်း အပျက်တွေကို ဟောကိန်းထုတ်ကြ၏။ စာရေးသူ တစ်ဦးက ဆိုလျှင် ဗြိတိန်၏ ၄င်းကိုလိုနီများမှ ထွက်ခွာခြင်းကို တရားဥပဒေမရှိ၊ ငြိမ်ဝပ်ပိပြားသူ ကင်းချိန်တွင် ရောမအင်ပါယာကျဆုံးပြီး လူရိုင်းများက အုပ်စီးမိပုံတို့ဖြင့် နှိုင်းယှဉ်ရေးသားခဲ့သည်။ သြဂုတ်လ (၁၀)ရက် ၁၉၆၅ ခုနှစ်ထုတ် “ဆစ်ဒနီမောနင်းဟာရယ်” သတင်းစာတွင် “ရှင်းနစ်ဝါနာ” က “လွတ်လပ်သော စင်္ကာပူနိုင်ငံသည် လွန်ခဲ့သော (၃) နှစ် က အသိအမှတ် ပြုခြင်းမခံရပါ” ဟုရေးခဲ့သည်။ သြဂုတ်လ (၂၂) ရက်နေ့ ၁၉၆၅ ခုနှစ်တွင် လန်ဒန်ထုတ် “ဆန်းဒေတိုင်း(မ်)” သတင်းစာတွင် “ရစ်ချတ်ဟူး” က ပေါင်စတာလင် သန်း (၁၀၀) ကျော် တန်ဖိုးရှိသော ဗြိတိသျှ အခြေခံစခန်းများ ပိတ်ထားလျှင် စင်္ကာပူ စီးပွားရေးသည် ပျက်ယွင်းသွားမည်ဟု ရေးခဲ့သည်။ ကျွန်တော်သည်လည်း စာနာသော ထိတ်လန့်မှုများကို ဝေမျှခံစားပါသည်။ သို့သော် မထုတ်ဖော်ပါ။ ကျွန်တော့် တာဝန်သည် ပြည်သူများအား မျှော်လင့်ချက်ပေးရန်သာ ဖြစ်သည်။ သူတို့ စိတ်ဓာတ်ကျစေရန် မဟုတ်ပါ။
ကျွန်တော် စိတ်ထဲတွင် မေးခွန်းတစ်ခုတော့ ရှိနေသည်။ ဗြိတိသျှတို့သည် သူတို့၏ အခြေခံစခန်းများကို မည်မျှကြာအောင် စင်္ကာပူတွင် ထားမည်နည်း။ ခွဲထွက်ခဲ့မှုကြောင့် သူတို့ဆက်လက်ထားရှိမှု တိုတောင်းသွားမည်လား။ ဗြိတိသျှဝန်ကြီးချုပ် ဟာရို့ဝီလ်ဆင်သည်ပင် သူ့ကို ကျောထောက် နောက်ခံပေးမည့်သူများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်နေရလေပြီ။ စူးအက်အရှေ့ပေါ်လစီသည် တန်ဖိုးကြီး၏။ ၄င်းသည် လေဘာအစိုးရအား မဲဆန္ဒရခြင်းငှာ မစွမ်းသာ။
 
မလေးရှားနိုင်ငံမှ ခွဲထွက်ပြီးစ စင်္ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် လီကွမ်ယု၏ ငယ်ရွယ်စဉ်
သူတို့သည် ရန်ပုံငွေနှင့် မဲဆန္ဒအောင်နိုင်ရေးအတွက် အစီအစဉ်များတွင်သုံးရန် ငွေလိုနေသည်။ အရှေ့အာရှလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက်၊ တစ်ဦးတည်းသောအာမခံသူ အမေရိကန်မှာ ဗီယက်နမ်တွင် ပြောက်ကျားစစ်ထဲ နက်ရှိုင်းစွာ နစ်မြုပ်နေ၏။ ၄င်းသည် သူတို့၏ ဥရောပမဟာမိတ်များနှင့်၊ အာရှ - အာဖရိကအစိုးရများနှင့် အလွန်အမင်းတာမစား။ တတိယကမ္ဘာတွင် ဆိုဗီယက်နှင့် ပြည်သူ့တရုတ်ပြည်တို့က ပြုလုပ်သောအမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့်မှုမှာ အထူးထိရောက်နေ၏။ စင်္ကာပူကို ဗြိတိသျှတို့၏ အခန်းကဏ္ဍမှ တစ်ဆင့်လက်လွှဲယူရန် အမေရိကန်သည် အတော်ခဲယဉ်းနေ၏။ သြစတြေးလျနှင့် နယူးဇီလန်တို့ကိုလည်း အားကိုး၍မရ။
ဗြိတိသျှတို့၏ သြဇာသက်ရောက်မှုသည် တဖြည်းဖြည်းနှင့် မလွှဲမသွေကျဆုံးပြီး အမေရိကန်သြဇာ ဖြန့်ကျက်လာမည်ကို ကျွန်တော် စိုးရိမ်သည်။ ကျွန်တော်တို့ မျိုးဆက်သည် အင်ပါယာတွင်မွေး၊ အင်ပါယာတွင်ပင် ကြီးပြင်းလာသူများဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲမှုများမလွယ်ကူ။ ဗြိတိသျှတို့နှင့် ဆက်ဆံရာတွင် နူးညံ့သိမ်မွေ့မှုရှိသည်။ အမေရိကန်တွေကျတော့ ဤသို့မဟုတ်။ တောင်ဗီယက်နမ်၊ ယိုးဒယား၊ ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် သူတို့ဆက်ဆံသည်ကို ကျွန်တော်မြင်နေသည်။
ခွဲထွက်ခဲ့ပြီးနောက်တွင် ကျွန်တော့်လုံခြုံရေးမှူးအကြီးအကဲအရာရှိက စင်္ကာပူနိုင်ငံတွင် ပျံ့နှံ့လျက်ရှိသော မလေးရှားဘာသာဖြင့် ထုတ်ဝေသော သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့တွင် ကျွန်တော်သည် နံပါတ်တစ်အမုန်းဆုံးသူ ဖြစ်နေသည်ဟု သတိပေးသည်။
သူက ကျွန်တော့်ကို အောက်ဇလီလမ်းအိမ်မှ ပြောင်းနေရန်အကြံပေးသည်။ ရဲအရာရှိတစ်ယောက် အစောင့်အရှောက်ထားတာထက် ပို၍ လုံခြုံရေး တင်းတင်းကျပ်ကျပ် ထားရန် ပြောသည်။ ကျွန်တော့်ဇနီးသည် “ချူး” နှင့် သားသမီးများအတွက်လည်း လုံခြုံရေးတိုးချဲ့ရန် ပြောသည်။ သုံးလေးလခန့် “ချူး” နှင့် ကျွန်တော်သည် ဗြိတိသျှ လေတပ်စခန်းအနီး ချန်ဂီအိမ်၌ နေကြ၏။ ထိုအချိန်တွင် ကျွန်တော်သည် ကက်ဘိနက် အစည်းအဝေးများကို ထိုအိမ်တွင်သာ ကျင်းပရ၏။ ကျွန်တော်တို့ရှိရာ မြို့တော်ခန်းမသို့ သွားလာရန် လုံခြုံရေးအပြည့်ဖြင့် သွားရလာရ မလွယ်ကူ၍ ဖြစ်၏။ အရေးတကြီး အဆုံးအဖြတ်များကို သက်ဆိုင်ရာဝန်ကြီးများနှင့် တယ်လီဖုန်းဖြင့်သာ ပြုလုပ်ရ၏။ ကျွန်တော်၏ ကိုယ်ရေးလက်ထောက်များနှင့် ကျွန်တော် ယုံကြည်စိတ်ချရသူ ကက်ဘိနက် အတွင်းရေးမှူး “ပေါင်ချွိဆင်” တို့သည် နေ့စဉ် ကျွန်တော့်ထံလာရ၏။ ကျွန်တော်သည် လေတပ်ဂေါက်ကွင်းတွင် ကျင်း (၉) ကျင်းဂေါက်ကွင်း၌ နေ့စဉ်ဂေါက်ကစားရင်းသာ လမ်းလျှောက်ရ၏။
 
အောက်ဇလီလမ်းအိမ်၌ လီကွမ်ယုနှင့် သူ၏ဇနီးချူးနှင့် သားသမီး သုံးယောက်အားတွေ့ရစဉ် (PHOTO CREDITS: ST)
ကျွန်တော့်ကလေးငါးဦးကား ကျောင်းတက်ရသဖြင့် အိမ်မှာနေကြရပါ၏။ လမ်းပေါ်မှာ အိမ်ဆင်ဝင်ကို လှမ်းမမြင်နိုင်ရန် ပျားအုံပုံ အပိုတံတိုင်းတစ်ခု ကာထားရ၏။ ကျည်ကာမှန်များ မကပ်နိုင်မီစပ်ကြား၌ ပြတင်းပေါက်များကို သံမဏိပြားများကာထားရ၏။ ထို့ကြောင့် အခန်းများမှာ အကျဉ်းထောင်ကဲ့သို့ဖြစ်နေ၏။ လအနည်းငယ်ကြာ မှန်တွေတပ်လာနိုင်မှ မိသားစုလည်း အသက်ရှူချောင်ကြရသည်။ အောက်ဇလီလမ်း အိမ်သို့ ပြန်လျှင် ဂေါ်ရခါးရဲများက စောင့်ပေးရသည်။ ၎င်းတို့သည် နီပေါမှ ဖြစ်ပြီး ဗြိတိသျှတို့က ခေါ်ထားသူများ ဖြစ်သည်။ တရုတ်ရဲများ ရဲက မလေးရှားကို ပစ်ခတ်လျှင်ဖြစ်စေ၊ မလေးရှားရဲက တရုတ်များကို ပစ်ခတ်လျှင်ဖြစ်စေ၊ ပြဿနာပေါ်တတ်၍ ဖြစ်သည်။ ဂေါ်ရခါးတို့ကတော့ ကြားနေ၏။ သူတို့သည် သူတို့သခင်အပေါ် သစ္စာရှိရန်သာ လိုလားကြသည်။ သူတို့သည် စည်းကမ်းလည်း သေဝပ်ကြ၏။
ကျွန်တော့်အတွက် အရေးပေါ် လုပ်စရာတွေ များသည်။ ပထမဆုံး နိုင်ငံတကာ အသိအမှတ်ပြု ခံရရေး၊ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး။ ကျွန်တော်သည် ဆင်နာသမ်ဘီရာဂျာရက်နမ် (ကျွန်တော်တို့ အားလုံးက ရာဂျာဟု ခေါ်ကြသူကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးခဲ့သည်။ သူသည် စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ်တွင် လန်ဒန်၌ ကျောင်းတက်နေစဉ် ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် နာမည်ရခဲ့သူဖြစ်သည်။ အတော်အတန်ေ ဖြောင့်မတ်သူဖြစ်၍ ပြည်တွင်းမှာရော ပြည်ပမှာပါ လေးစားခြင်း ခံရသူလည်းဖြစ်သည်။ ကျွန်တော်တို့ကို အသိအမှတ်ပြုသောနိုင်ငံများ တဖွဲဖွဲပေါ်လာစဉ် “တော်ချင်ချဲ” ကဒုဝန်ကြီးချုပ်၊ ရာဂျာက နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဖြင့် ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂ ညီလာခံသို့ တက်ရန် နယူးယောက်သို့ ထွက်ခွာခဲ့ကြသည်။

 
မလေးရှားမှ ခွဲထွက်ပြီးစ စင်္ကာပူနိုင်ငံ၏ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့
တတိယကမ္ဘာမှ ပထမကမ္ဘာသို့ - အပိုင်း (၂)
နောက်ခြေတစ်လှမ်းမှာ ကျွန်တော်၏မြေကို ကာကွယ်ရေး ဖြစ်သည်။ ကျွန်တော်တို့တွင် တပ်မတော်မရှိ။ ကျွန်တော်တို့၏ တပ်မ နှစ်ခုသည် မလေးရှား ဗိုလ်မှူးချုပ်တစ်ဦး၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ထို့ကြောင့် ကာကွယ်ရေး တပ်မတော်တစ်ခုကို မည်သို့ လျင်မြန်စွာ ဖွဲ့စည်းရပါမည်နည်း။ ကွာလာလမ်ပူရှိ မလေးရှား ခေါင်းဆောင်များအစုက မလေးရှားသည် စင်္ကာပူကို မည်သည့်အခါမျှ ခွဲထွက်မည် မပြုသင့်ဟု ယုံကြည်ထားကြသည်။ တွန်ကူအဗ္ဗဒူရာအမန်သာ တစ်ခုခုဖြစ်ခဲ့လျှင် တွန်အဗ္ဗဒူရာဇာတ် ဝန်ကြီးချုပ်ဖြစ်လာပြီး တွန်ကူ၏ ဆုံးဖြတ်ချက်များကို ပြောင်းပြန် လှန်ပစ်လိမ့်မည်။ ဤအချိန်သည် အလွန်ပင် အတိမ်းအစောင်း မခံသည့် ကာလပင်ဖြစ်သည်။
ထိုသို့သော အဓိကပြဿနာများနှင့် နပန်းလုံးနေချိန်တွင် ကျွန်တော်သည် ငြိမ်ဝပ်ပိပြားရေးကိစ္စများဘက်ကိုလည်း အာရုံစိုက်ရသေးသည်။ ကျွန်တော်တို့၏ ရဲအများစုသည် မလေးလူမျိုးများ ဖြစ်ကြသည်။ ကျွန်တော်တို့၏ တပ်မနှစ်ခုကလည်း မလေးရှားမှ မလေးများဖြစ်၍ စိတ်မချရ။
 
လွန်ခဲ့သော အနှစ် (၄၀) ခန့်က စင်္ကာပူ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြ အခမ်းအနား
ကျွန်တော့်အတွက် အနည်းငယ် သက်သာရစေသည်မှာ “ဂိုကင်ဆွိ” သည် တပ်သစ် ဖွဲ့စည်းရန် လုပ်ငန်းကို လုပ်ရန်ဆန္ဒရှိကြောင်း သိရ၍ဖြစ်သည်။ ထို့ကြောင့် သူ့အား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဌာနကို ကိုင်စေရန်ဆုံးဖြတ်လိုက်သည်။ သို့ဆိုလျှင် သူသည် ရဲတပ်ဖွဲ့ကို အသုံးပြု၍ တပ်သစ်များ အခြေခံလေ့ကျင့်ရေးအတွင် ကူညီနိုင်မည် ဖြစ်သည်။ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခုပေါင်းကာ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနဟု ဝန်ကြီးဌာန တစ်ခုတည်းဖြစ်အောင် ကျွန်တော်က ပေါင်းစည်း ပေးလိုက်သည်။ “ဂိုကင်ဆွိ” ထိုဝန်ကြီးဌာနသို့ ရောက်သွားသည့်အခါ ဘဏ္ဍာရေးဝန်ကြီးဌာနတွင် လစ်လပ်သွားပြန်သည်။ ထို့ကြောင့် သူနှင့်ညှိနှိုင်းကာ “လင်တင်ဆန်” ကို ဘဏ္ဍာရေးဝန်ကြီး ခန့်လိုက်၏။ “ဂိုကင်ဆွိ” သည် ပြဿနာများကို ဖြေရှင်းရန် လက်တွေ့ချဉ်းကပ်မှု ရှိသူဖြစ်၏။ ၎င်းအပြင် “လင်တင်ဆန်” သည် “ဂိုကင်ဆွိ” နှင့် ပဋိပက္ခမရှိဘဲ လက်လွှဲလုပ်နိုင်သောသူ ဖြစ်သည့်အတွက် “ဂိုကင်ဆွိ” သည် ဘဏ္ဍာရေးပေါ်လစီများ ချမှတ်ရေးလုပ်ငန်းကို လုပ်ခွင့်ရခဲ့သည်။
ကျွန်တော်၏ တတိယနှင့် အကြီးဆုံးသော ခေါင်းခဲမှုမှာ စီးပွားရေးဖြစ်၏။ ကျွန်တော့်ပြည်သူတွေကို မည်သို့သော အလုပ်အကိုင်၊ အသက်မွေးဝမ်းကြောင်း ပေးမည်နည်း။ အင်ဒိုနီးရှားက ကျွန်တော်တို့ကို ထိပ်တိုက် ရင်ဆိုင်နေသည်။ ကုန်သွယ်ရေးမှာ တန့်နေ၏။ မလေးရှားတို့က စင်္ကာပူကိုကျော်ပြီး သူတို့၏ ကုန်သွယ်ရေးမိတ်ဖက်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်ဆံလိုကြ၏။ ဗြိတိသျှတို့ တချိန်က တခုတည်း အနေဖြင့် အုပ်ချုပ်ခဲ့သော ဧရိယာ အကျယ်ကြီး၏ အလယ်ဗဟိုဖြစ်ခဲ့သော စင်္ကာပူသည် ယခု လွတ်လပ်ပြီးမှ မည်သို့ ရပ်တည်ရှင်သန်ရပါမည်နည်း။ ကျွန်တော်တို့သည် အဖြေအချို့ကို ရှာရန် လိုအပ်သည်။ ရှာသည်မှာ ယခုချက်ချင်း ရှာရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အလုပ်လက်မဲ့က (၁၄) ရာခိုင်နှုန်း ဖြစ်နေပြီး တစ်နေ့တခြား တိုးပွားလာနေ၍ ဖြစ်၏။ ထို့ထက်ပို၍ ပြောရလျှင် ကျွန်တော်တို့သည် ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်မှာ ရှိခဲ့စဉ်ကနှင့် ခြားနားသော အသက်မွေးဝမ်းကြောင်းမှုကို လုပ်ရဦးမည် မဟုတ်ပါလား။ ယခင်က ကျွန်တော်တို့၏ ဂိုဒေါင်များတွင် ရာဘာများ၊ ငရုတ်ကောင်းများ၊ အစုလိုက်အပုံလိုက် ရှိနေကာ အလုပ်သမားများသည် ပို့ကုန်အတွက် နေရောညပါ ကြိုးစား လုပ်ကိုင်နေကြပုံကို မြင်ယောင်မိသည်။ ထိုသို့သော ကုန်ကြမ်းများကို မလေးရှားနှင့် အင်ဒိုနီးရှားသို့ ကုန်ချောဖြစ်ရန်အတွက် ပို့ကုန်အဖြစ် ယခု မတင်သွင်းရတော့။ ကျွန်တော်သည် စီးပွားရေး အမျိုးအစားသစ်ကို ဖန်တီးရမည်။ နည်းသစ်၊ စီမံကိန်းသစ်များကို ကြိုးစားစမ်းသပ်ရမည်။ စင်္ကာပူသည် အခြား နိုင်ငံများနှင့် မတူညီ။ အခြားနိုင်ငံများမှာ မလုပ်ဖူးတာတွေကို စင်္ကာပူက လုပ်ပြမှ ဖြစ်မည်။ ဟောင်ကောင်မှာလည်း ကျွန်တော်တို့ ကဲ့သို့ ကျွန်းနိုင်ငံ ဖြစ်သည်။ သို့သော် ၄င်းသည် ဗြိတိသျှတို့ လက်အောက်မှာ ရှိနေသေးသည်။ စီးပွားရေးအရ ၄င်းသည် တရုတ်ပြည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသေးသည်။ တရုတ်နှင့် အရင်းရှင်ကမ္ဘာတို့၏ ကွန်မြူနစ် မဟုတ်သော နိုင်ငံများအတွက် ကုန်သွယ်ရေး အဆက်အသွယ်တစ်ခုအဖြစ် ဆောင်ရွက်နေပေသည်။
 
မလေးရှားနိုင်ငံမှ ခွဲထွက်ပြီးကာစ စင်္ကာပူနိုင်ငံ အမျိုးသားလေတပ်မှ စစ်လေယာဉ်များ
အဆိုပါ ပြဿနာပေါင်းစုံကို ထောက်ချင့်ကာ အရှေ့တောင်အာရှ၏ ကျွန်းမြို့နိုင်ငံတစ်ခုအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်မှာ သာမန်အနေဖြင့်တော့ မဖြစ်ကြောင်း ကျွန်တော် ကောက်ချက်ဆွဲမိသည်။ ကျွန်တော်တို့သည် သာမန်ထက် ပိုလွန်သော ကြိုးပမ်းမှုမျိုးကို လုပ်မှဖြစ်မည်။ ကျွန်တော်၏ ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများထက် ပစ္စည်းကို ပိုကောင်းအောင်၊ ပိုသက်သာအောင် လုပ်တတ်အောင်၊ အရည်အသွေး ရှိအောင်လုပ်မှ ဖြစ်မည်။ ကျွန်တော်တို့သည် သူများထက်သာမှ၊ ခြားနားမှ အနေတော်ဖြစ်မည်။
ကျွန်တော်တို့၏ အကြီးမားဆုံး အခြေခံမှာ ပြည်သူ၏ ယုံကြည်မှု၊ ကိုးစားမှုပင် ဖြစ်သည်။ ထိုကိုးစားမှုကို ကိုယ်စားပြု၍ ကျွန်တော်တို့သည် ကွန်မြူနစ်များကို လည်းကောင်း၊ မလေး အစွန်းရောက်များကို လည်းကောင်း၊ ဆန့်ကျင်တိုက်ပွဲဝင် ခဲ့ပြီးပြီ။ ကွန်မြူနစ်တို့က ကျွန်တော်နှင့် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များကို ကိုလိုနီ နယ်ချဲ့သမားတို့၏ နောက်လိုက်ခွေးများဟု သမုတ်ကြသည်။ မလေးမြေ ပိုင်ရှင် ပဒေသရာဇ်တို့၏ ဒေါက်တိုင်များဟု စွပ်စွဲကြသည်။ သို့သော် အရေးကြုံလာသောအခါ တရုတ်စကားပြော လက်ဝဲယိမ်းသူများပင်လျှင်၊ ပညာတတ် ဘူဇွာခေါင်းဆောင်များပင်လျှင် ပြည်သူများဘက်က ရပ်တည်ပေးကြကာ သူတို့၏ အကျိုးစီးပွားများကို ကာကွယ်ပေးခဲ့ကြသည်။ ထိုသို့သော ပူပူနွေးနွေးရရှိလာသည့် ယုံကြည်မှုကို အာဏာအလွဲသုံးမှု၊ လာဘ်ပေးလာဘ်ယူ ခြစားမှုမျိုးဖြင့် မဖျက်ဆီးပစ်လိုပေ။ ကမ္ဘာအဆင့်မီ သဘာဝဆိပ်ကမ်းမြို့ ဖြစ်သော ကျွန်တော်တို့နိုင်ငံသည် မဟာဗျူဟာအရ အရေးပါသောအရပ်တွင် ရှိသည့်အပြင် ကမ္ဘာ့အစည်ကားဆုံး ပင်လယ်လမ်းကြောင်းလည်း ကျသောနေရာ ဖြစ်ရာ အထက်ဖော်ပြပါ နိုင်ငံရေးအင်အားစုကို ကျွန်တော်တို့ အသုံးချနိုင်မှ အောင်မြင်မှုရပါမည်။
 
စင်္ကာပူနိုင်ငံ၏ ကွန်တိန်နာ သိုလှောင်ရာ ဆိပ်ကမ်းဖြစ်သော JNPT Terminal ဆိပ်ကမ်း
ထပ်မံ၍ ကျွန်တော်၏ အားကိုးမှုမှာ ကျွန်တော့် ပြည်သူများ ဖြစ်သည်။ သူတို့သည် အလုပ်ကြိုးစားသည်။ သင်ယူလိုစိတ် ရှိသည်။ လူမျိုး မည်မျှ ကွဲပြားစေကာမူ တရားမျှတပြီး နည်းလမ်းကျသော ပေါ်လစီအောက်တွင် သူတို့သည် ငြိမ်းချမ်းစွာ အတူတကွ နေလိုကြသူများဖြစ်သည်။ အလုပ်လက်မဲ့ ပြဿနာ စသော အခက်အခဲများကို လူမျိုးစုငယ်များ သာမက လူတိုင်း ညီတူညီမျှ ခွဲဝေခံစားကြရမည်။ စင်္ကာပူတွင် ဘာသာစကားလည်း မျိုးစုံ၊ ယဉ်ကျေးမှုလည်း မျိုးစုံ၊ ဘာသာရေးလည်း ကွဲပြားမှုများ ရှိသည်။ ထို့ပြင် ကြိုးစားလျှင် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်နိုင်လောက်သည့် အရည်အသွေး ရှိသူတွေ ရှိကြ၏။ သို့သော် ထိုဈေးကွက်များကို မည်သို့ ဝင်မည်နည်း၊ ကျွန်တော်လည်း ဤအဖြေကို မသိပါ။ မည်သူမျှ ဗြိတိသျှတို့ကို မောင်းထုတ်ဖို့ ကျွန်တော်တို့ကို မတိုက်တွန်းပါ။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုပြည်သူများအား လုံခြုံမှုပေးရန်၊ အသက်မွေးဝမ်းကြောင်းမှုပေးရန် ကျွန်တော့်မှာ တာဝန်လုံးလုံး ရှိနေပါပြီ။ ထို့ကြောင့် ကျွန်တော်တို့ အောင်မြင်မှ ဖြစ်ပါမည်။
 စင်္ကာပူနိုင်ငံဝန်ကြီးချုပ် လီကွမ်ယူသည် စင်္ကာပူ အမျိုးသား တပ်မတော်ကို စတင်တည်ထောင်ရာမှာ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါသည်။ မွတ်စလင် မလေးလူများများနှင့် တရုတ်လူမျိုးများ ရန်ဆောင်နေချိန်တွင် လီကွမ်ယူ၏ အနီးကပ် လုံခြုံရေး ရယူထားသူများမှာ မလေးလူမျိုးများ ဖြစ်သည့်အားလျော်စွာ သတိထား ကိုင်တွယ်ခဲ့ရပါသည်။ တပ်မတော်ဖွဲ့ရန် စစ်သားသစ်များ စုဆောင်းချိန်တွင် တပ်ထဲသို့ ဝင်ရောက်လာသည့် မလေးလူမျိုးများအပေါ် နားလည်မှု မှားယွင်းစေသည့် အမိန့် စနစ်တစ်ခုကြောင့် ရုန်းရင်းဆန်ခတ် ပြဿနာများ ပေါက်ကွဲကုန်သည်အထိ ကြီးမားခဲ့သည့် ဖြစ်စဉ်အပေါ် လိမ္မာပါးနပ်စွာ ဖြေရှင်းခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ ရန်ဆောင်မှုကိုလည်း ကာကွယ်နိုင်ခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးတပ်မတော် စာရင်းတွင်ပါဝင်သည့် အစ္စရေးနိုင်ငံ၏ လေ့ကျင့်မှု အကူအညီများ ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။
ကျွန်တော် ကောင်းစွာအိပ်မပျော်ပါ။ “ချူး” က ဆရာဝန်ခေါ်ပြီး စိတ်ငြိမ်ဆေးများ တိုက်သည်။ သို့သော် ကျွန်တော်က ဘီယာ(သို့မဟုတ်) ဝိုင်ကို ညစာစားရင်း သောက်ရတာကို ဆေးလုံးများထက် ပိုနှစ်သက်သည်။ ထိုစဉ်က ကျွန်တော့် အသက် (၄၀) နီးပါးသာ ရှိသေး၏။ ငယ်ရွယ်သည်၊ ခွန်အားရှိသည်။ တစ်နေ့တာလုံး မည်မျှပင် အလုပ်ပင်ပန်းစေ၊ ညနေပိုင်း နှစ်နာရီလောက်တော့ အချိန်ယူကာ မိတ်ဆွေများနှင့် ဂေါက်သီးတော့ ကစားမပျက်။ သို့သော် အိပ်ချိန်တော့ နည်းသည်။ တစ်နံနက်တွင် အသစ်ရောက်ရှိလာသော ဗြိတိသျှ ကော်မရှင်မင်းကြီး “ဂျွန်ရောဗ်” က သူ့အစိုးရထံမှ အရေးတကြီး အကြောင်းကြားစာတစ်ခု ကျွန်တော့်ကိုလာပေးသည်။ သူ့ကို လက်ခံတွေ့ဆုံရာတွင် ကျွန်တော်သည် အိမ်မှာပင် ခုတင်ပေါ်၌ လဲလျောင်းရင်းနှင့် တွေ့ဆုံရသည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပင်ပန်းနွမ်းနယ်နေသည်။ ဗြိတိသျှဝန်ကြီးချုပ် “ဟာရိုလ်းဝီလဆင်” ကို ထိုကော်မရှင်နာမင်းကြီးက ကျွန်တော်၏ အခြေအနေကို ပြန်လည်တင်ပြဟန်တူသည်။ ဝန်ကြီးချုပ်က ကျွန်တော့်ကို စာနာကြောင်း အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ၁၉၆၅ ခု သြဂုတ်လ ၂၃ ရက်နေ့တွင် ကျွန်တော်က အောက်ပါအတိုင်း ပြန်ကြားခဲ့သည်။
“စင်္ကာပူနဲ့ ပတ်သက်လို့ ပူပင်စရာ မလိုပါ။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်တော်တို့သည် ပုံမှန် အခြေအနေတွင် ရှိကြပါသည်။ နိုင်ငံရေး စစ်တုရင်ခုံပေါ်တွင် ဆုတ်တက် လှုပ်ရှား မကစားမီ၊ ကျွန်တော်တို့သည် ဖြစ်နိုင်စရာ အကြောင်းအကျိုးများအရ ချိန်ဆပြီး ဖြစ်ကြပါသည်။ ကျွန်တော်တို့ ပြည်သူများ အသက်ရှင်သန် တည်တံ့ရေးအတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိကြပါသည်။”
၁၉၆၅ ခု စက်တင်ဘာလ (၃၀) ရက်နေ့ညတွင် နှိုးစက် ခေါင်းလောင်းမြည်သံနှင့်အတူ အင်ဒိုနီးရှားတွင် အာဏာသိမ်းပွဲသတင်းကို ကြားသိရသည်။ ကွန်မြူနစ် လိုလားသူ အရာရှိများက အင်ဒိုနီးရှား ဗိုလ်ချုပ် (၈) ဦးကို သတ်ဖြတ်ခဲ့ကြသည်။ သွေးချောင်းစီးမှုများ နောက်ကွယ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုက ဦးဆောင်ခဲ့၏။ ဤမရေရာ မသေချာသော အခြေအနေ နောက်ဆက်တွဲများကို ကျွန်တော် ထည့်သွင်းစဉ်းစားရပြီ။ ၁၉၆၅ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့မှစ၍ ကျွန်တော်သည် လမ်းသစ်ထွင်ကာ ရည်မှန်းချက် မသိသော ခရီးကို စတင် လျှောက်လှမ်းရလေပြီ။
 
စင်္ကာပူ (ကြည်း) တပ်မတော်မှ တိုက်ခိုက်ရေး တင့်ကား THE LEOPARD 2 A4
တပ်မတော်တစ်ခုကို စတင် တည်ထောင်ခြင်း
မလေးရှားမှ ခွဲထွက်ပြီး (၄) လအကြာ ၁၉၆၅ ခု ဒီဇင်လာလတွင် ပါလီမန် စတင် ကျင်းပသည်။ ဗိုလ်မှူးချုပ် ဆီယက်မိုဟာမက်သည် စင်္ကာပူ အခြေစိုက်သော မလေးရှားတပ်၏ အကြီးအကဲ ဖြစ်သည်။ သူက သူ၏ မော်တော်ဆိုင်ကယ် ကိုယ်ရံတော်တပ်ဖွဲ့ကို ခြံရံပြီး ကျွန်တော်ကို ပါလီမန်သို့ ခေါ်ဆောင်ခဲ့၏။ ဗိုလ်မှူးချုပ်သည် ကိုယ်ကာယကြံ့ခိုင်တောင့်တင်းသော နှုတ်ခမ်းမွှေးကားကားနှင့် အာရပ် မူစလင်တစ်ဦး ဖြစ်သည်။ သူသည် စင်္ကာပူတွင်မွေးသော စင်္ကာပူနိုင်ငံသား ဖြစ်ပြီး မလေးရှား တပ်မတော်ကို ဝင်ခဲ့သူ ဖြစ်သည်။ ကျွန်တော် အံ့ဩသွားသည်မှာ သူသည် စင်္ကာပူသားနိုင်ငံ၏ တပ်မတော်အကြီးအကဲ ကဲ့သို့ ပုံစံမျိုး လုပ်ဆောင်နေသည်ကို ဖြစ်၏။ အချိန်မရွေး ဤကျွန်းကို အာဏာသိမ်းမည့်ပုံစံမျိုး ဖြစ်သည်။ ထိုအချိန်တွင် တပ်သားတစ်ထောင်စီ ရှိသော စင်္ကာပူခြေလျင်တပ်ရင်း (၁) နှင့် (၂) သည် မလေးရှားတပ်၏ လက်အောက်တွင် ရှိသည်။ မလေးရှားအစိုးရသည် တပ်ရင်း (၁) နှင့် (၂) တွင် မလေးရှားလူမျိုး (၇၀၀) ကို ထည့်ထားကာ စင်္ကာပူတပ်သား (၃၀၀) ကိုမူ မလေးရှားတပ်ရင်းများစွာတွင် ဖြန့်ခွဲ ထားရှိသည်။ ယခုလည်း စင်္ကာပူသမ္မတနိုင်ငံ၏ ပထမဆုံး ပါလီမန် ဖွင့်ပွဲ အခမ်းအနားကို မလေးရှားတပ်ဖွဲ့ဝင်များက ခြံရံပြီး မြို့တော်ခန်းမမှ ပါလီမန်အဆောက်အအုံသို့ ကျွန်တော့်ကို ခေါ်ဆောင်သွားပါသည်။ သိပ်တော့ အဆင်မပြေလှဘူး။
မကြာမီ ၁၉၆၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) နေ့တွင် “ကင်ဆွိ”သည် မြို့တော်ခန်းမရှိ ကျွန်တော်ရုံးသို့ ကမန်းကတန်း ပေါက်ချလာကာ၊ စင်္ကာပူ ပေါ်လီတက်ခနီကျောင်းအနားရှိ စစ်သင်တန်းကျောင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ကြောင်းကို သတင်ပို့၏။ ထိုတပ်တွင် တပ်သာသစ်များ (၈၀) ရာခိုင်နှုန်းသည် မလေးရှားလူမျိုးများ ဖြစ်ကြောင်း အံ့ဩဖွယ်ရာ သိလိုက်ရ၏။ “ကင်ဆွိ” သည် တပ်သားသစ် စုဆောင်းရေးနှင့် လေ့ကျင့်ရေးကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ပေးလိုက်ရ၏။ ဗိုလ်မှူးက တပ်သားအားလုံးကို စုဝေးကာ မလေးလူမျိုး မဟုတ်သူများကတစ်ဖက် မလေးလူမျိုးများကတစ်ဖက် ခွဲထုတ်ပြီး မလေးတပ်သားများကို ထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်သည်။ မလေးတပ်သားများမှာ လူမျိုးရေးခွဲခြားမှုကြောင့် ဘာမျှပြန်မပြောနိုင်ဘဲ ကြက်သေသေသွားကြသည်။ ပြန်ပြီး သတိလည်လာချိန်တွင် မလေးတပ်သားတို့သည် မလေးလူမျိုး မဟုတ်သူများကို တုတ်နှင့်ရိုက်၊ ပုလင်းနှင့်ပေါက်ကြ၏။ ဆိုင်ကယ် အကြီးနှစ်စီး၊ ဆိုင်ကယ် အသေးတစ်စီးကို မီးရှို့ပစ်ကာ၊ ဗင်ကားတစ်စီးကို မှောက်ပစ်ကြသည်။ အခင်းဖြစ်ပွားရာသို့ ရောက်လာသော ရဲပတ္တရောင်ကားကို လည်ကောင်း၊ မီးသတ်ကားတစ်စင်းကို လည်းကောင်း ဝိုင်းဝန်း တိုက်ခိုက်ကြ၏။ ပေါ်လီတက်ခနီ ကျောင်းသားများလည်း ဝိုင်းအုံကြည့်ရှုကြသည်။ လမ်းသွားလမ်းလာများလည်း ဝိုင်းအုံလာကြသည်။ (၂း၄၅)နာရီတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်များ ရောက်လာကာ မျက်ရည်ယိုဗုံးဖြင့် နှိမ်နင်းရ၏။ ထို့နောက် အထူးလေ့ကျင့်ထားသော အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များရောက်လာကာ အဓိကရုဏ်းဖြစ်သူများအား ဖမ်းဆီး၊ အချုပ်ကားထဲထည့်ပြီး စီအိုင်ဒီရုံးသို့ ခေါ်ခဲ့သည်။
 
ဓာတုစစ်ဆင်ရေးတွင် စင်္ကာပူတပ်မတော်မှ လေ့ကျင့်နေစဉ်
“ကင်ဆွိ” စိုးရိမ်သည်မှာ ထိုသူများကို မည်သို့ ဆက်လက် ကိုင်တွယ်ရမည်ကိုပင်ဖြစ်သည်။ လွှတ်လိုက်လျှင် ထပ်၍ အဓိကရုဏ်း ဖြစ်အုံးမည်။ အာမခံမပေးဘဲ ဆက်ချုပ်ထားရန်ကလည်း ခက်သေးသည်။ ကျွန်တော်သည် ဗြိတိသျှကော်မရှင်နာမင်းကြီး “ဂျွန်ရော့ဗ်”ကို ချက်ခြင်းခေါ်တွေ့ကာ ဗြိတိသျှစစ်တပ်မှူးအား တပ်များကို တပ်လှန့်ရန် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်တွင် တပ်ဖွဲ့ဝင် အများစုမှာ မလေးရှားဖြစ်ကြပြီး သူတို့က တပ်မှ အထုတ်ခံလိုက်ရသော မလေးရှားများကို ညှာတာထောက်ထားနေသူများ ဖြစ်ကြသည်။ ကျွန်တော်ကိုယ်တိုင် စီအိုင်ဒီအဆောက်အအုံသို့ လိုက်သွားသည်။ ပြဿနာကို ညှိပေးမည်။ မရလျှင် ထိုသူတို့ကို သူ့ပြည် သူပြန်ခိုင်းမည်။ သို့မဟုတ် တရားစွဲသင့်က စွဲဆိုမည်။ ဤပြဿနာကို ချက်ချင်း ရှင်းပစ်ဖို့ လိုအပ်သည်။ သို့မဟုတ်လျှင် စင်္ကာပူက မလေးရှားလူမျိုးများကို ဖိနှိပ်သည်ဆိုသော ကောလာဟာလသည် ညတွင်းချင်း ပျံ့နှံ့သွားနိုင်၏။
“ဂျွန်ရော့ဗ်” က ဤအရေးအခင်းကို ချက်ချင်းတင်ပြမည်ဖြစ်ကြောင်း၊ သို့သော် ဗြိတိသျှတပ်ဖွဲ့သည် ပြည်တွင်းရေးလုံခြုံမှုပြဿနာကို ဝင်မစွက်လိုကြောင်းပြောသည်။ ကျွန်တော်က အဓိကရုဏ်း ထိမ်းမနိုင် သိမ်းမရ ဖြစ်လာပါက လူဖြူမိသားစုများပါ အန္တရာယ်ဖြစ်နိုင်၍ ဗြိတိသျှတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်းသမားများကို ကာကွယ်ရန် အသင့်ပြင်ထားရန်သာ လိုပါကြောင်း ပြောလိုက်၏။ ၁၉၅၀ ခုနှစ်တုန်းက ဒတ်ခ်ျမိန်းကလေးတစ်ဦးနှင့် ပတ်သက်သော ဘာသာရေးအဓိကရုဏ်း ဖြစ်ခဲ့ဖူးသည်ကို ထောက်ပြခဲ့၏။
ကျွန်တော်သည် လူမှုထမ်းဌာနဝန်ကြီး “အော့မန်ဝေါ့” ကို “ကင်ဆွိ” နှင့်အတူ ကျွန်တော်ထံ လာတွေ့ပြီး သူတို့နှင့်အတူ စီအိုင်ဒီရုံးသို့ ကျွန်တော်တို့ ကိုယ်တိုင်သွားမည်ဟု ပြောလိုက်၏။ အဆောက်အအုံ ရှေ့ရောက်လျှင် ဓာတ်ခဲအသံချဲ့စက်ဖြင့် ကျွန်တော်က ရုံးရှေ့မှနေ၍ မလေးရှားဘာသာဖြင့် ပြောသည်။ ယခုကဲ့သို့ ဖြစ်ခြင်းမှာ ဗိုလ်မှူး နားလည်မှုလွဲ၍ ဖြစ်ကြောင်း စင်္ကာပူနိုင်ငံသားများ ရွေးထုတ်ရန် ပြောခြင်းကို မလေးရှားများ တပ်ထဲမဝင်ရဟု နားလည်မှုလွဲသွားကြောင်း၊ မလေးများသည်လည်း စင်္ကာပူနိုင်ငံသားများပင် ဖြစ်ကြောင်း ပြောလိုက်သည်။ အဓိကရုဏ်းအုပ်စုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူ ဆယ်ဦးကိုကား ထိန်းသိမ်းပြီး ရုံးတင်စစ်ဆေးမည်၊ ကျန်လူများက အိမ်ပြန်ခွင့်ပေးမည်။ အိမ်မပြန်လျှင် အဓိကရုဏ်း လှုပ်ရှားသူများအဖြစ် ဖမ်းဆီး အရေးယူမည်။ စင်္ကာပူနိုင်ငံသား မလေးရှားလူမျိုးများမှာမူ တပ်သို့ပြန်သတင်းပို့ကာ စစ်မှုထမ်းခွင့် ရရှိကြမည်။ စင်္ကာပူနိုင်ငံသား မဟုတ်သူများ အနေဖြင့် မလေးရှားတွင် အလုပ် ရှာနိုင်ကြောင်းပါ ပြောလိုက်၏။ အလုပ်ဆိုသော မျှော်မှန်းချက်ကြောင့် လက်ခုပ်သံများ ဩဘာသံများ ထွက်ပေါ်လာသည်။ ကျွန်တော်သည် အဆုံးအဖြတ်ကို ချက်ချင်းပင်ချလိုက်၏။
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ဤကိစ္စနှင့်ပတ်သက်၍ သေသေချာချာ သတင်းရေးရန်၊ အထူးသဖြင့် မလေးရှား သတင်းစာများတွင် မှန်မှန်ကန်ကန် ဖော်ပြရန် ပြောလိုက်သည်။ နောက်နေ့ နံနက်သတင်းစာများကို ဖတ်ရတော့မှ ကျွန်တော် သက်ပြင်းချနိုင်တော့၏။ အဓိကရုဏ်းတွင် ပါဝင်သူ (၁၄) ဦးကို တရားစွဲမည်။ သို့သော် ရှေ့နေချုပ်က နောက်ပိုင်းတွင် လွှတ်ပေးပေးခဲ့၏။ ဤအဖြစ်အပျက်ကို အစိုးရအတွက် အထူးသတိထားစရာ နမူနာတစ်ခု ဖြစ်သည်။ လူမျိုးရေးနှင့်ပတ်သက်၍ အထူးသတိထား ကိုင်တွယ်ရန် လိုအပ်ကြောင်း သင်ခန်းစာပင် ဖြစ်သည်။

 
စင်္ကာပူ (လေ) တပ်ဖွဲ့မှ F-16 တိုက်လေယာဉ်က ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် စမ်းသပ် ပစ်ခတ်နေစဉ်
 စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ်သည် သူ၏ တပ်မတော်အား ခေတ်မှီ တပ်မတော်အဖြစ် တိုးတက်အောင် လေ့ကျင့်ပေးနိုင်သည့် နိုင်ငံတကာ တိုင်းပြည်များကို ရွေးချယ်ရာမှာ အစ္စရေးနိုင်ငံကို ရွေးချယ် ခဲ့ပါသည်။ ထို့ကြောင့် အစ္စရေးတပ်မတော်၏ လေ့ကျင့်သား ပြည့်ဝသည့် အထောက်အကူကို ရရှိခဲ့ရာ အာရှတွင် အရည်အသွေး ပြည့်ဝပြီး ကျစ်လစ်ခိုင်မာသည့် တပ်မတော်အဖြစ် ရပ်တည်ခဲ့ပါသည်။ မြန်မာတပ်မတော်အနေဖြင့် တရုတ်တပ်မတော်အား ပိတ်ဆို့မှုကြားထဲက အခြေအနေအရ ဆက်သွယ်ရသော်လည်း အစ္စရေးနှင့် ဆက်ဆံရေး ကောင်းသည့် အစဉ်အလာများ ရှိသည့် အားလျော်စွာ ယခုအချိန်မှာ ပြန်လည် ဆက်သွယ်သင့်ပါသည်။
၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလတွင် အရေးအခင်းတစ်ခု ကြုံရပြန်သည်။ ပီနန်နှင့် ဘတ်တားဝပ်တွင် တရုတ်နှင့် မလေးလူမျိုးတို့ ရုန်းရင်းဆန်ခတ် ဖြစ်သည်။ တရုတ်လူမျိုးတို့က အစိုးရ၏ မလေးဘာသာစကား ပေါ်လစီအပေါ် ဒေါသထွက်၊ မကျေနပ်ကြရာမှ စဖြစ်ပွားသည်။ “ဂိုကင်ဆွိ” ဥက္ကဌအဖြစ် ပါဝင်ပြီး ရဲနှင့်တပ်မှ အရာရှိကြီးများ ပါဝင်သော အဖွဲ့က လူမျိုးရေးအဓိကရုဏ်းများ ကာကွယ်ဖြေရှင်းရန် ကော်မတီအဖွဲ့ကို ဖွဲ့ခဲ့ရသည်။
အဓိကရုဏ်းများကို ကာကွယ်ဖြေရှင်းရန် စင်္ကာပူသည် တပ်မတော်တစ်ခု လျှင်မြန်စွာ ဖွဲ့စည်းရန် လိုလားအပ်၏။ ၁၉၆၈ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်လုပ် အေအမ်အိပ်(စ်) (၁၃) သံချပ်ကာကား အပေါ့စားများကို အစ္စရေးနိုင်ငံထံမှ လျှော့ဈေးဖြင့် ဝယ်ခဲ့သည်။ ၁၉၆၉ ခု ဇွန်လတွင် သံချပ်ကာကား (၃၀) စီး၊ ၁၉၆၉ ခု၊ စက်တင်ဘာတွင် နောက်ထပ် (၄၂) စီး ရောက်လာ၏။ ဘီးတပ် သံချပ်ကာကား ဗွီ-၂၀၀ အမျိုးအစား အစီး (၁၇၀) ကိုလည်း ဝယ်ခဲ့၏။
ကျွန်တော်တို့ တပ်မတော် တည်ထောင်ခြင်းကို ဗြိတိသျှတို့သည် မလေးရှားကို ၁၉၆၀ ခုနှစ်တုန်းက ကူညီခဲ့သလို မကူညီနိုင်ခဲ့ပါ။ မလေးရှားက ကျွန်တော်တို့ကို ဓနသဟာယ အဖွဲ့ဝင်ရေး၊ ကုလသမဂ္ဂဝင်ရေးတို့တွင် အာမခံပေးကြသည်။ ဗြိတိသျှတို့က မလေးရှားတို့သည် ကျွန်တော်တို့၏ စစ်ဘက်ဆိုင်ရာ နည်းပြဆရာများ ဖြစ်ချင်ကြသည်ဟု တွက်ကိန်းရ၏။ ထို့ကြောင့် ကျွန်တော်တို့သည် မိမိကိုယ်တိုင် ကာကွယ်ရေးအဆင့်ထက် ပို၍ မသင်သင့်ဟု ထင်ထားကြဟန်တူ၏။
ကျွန်တော်တို့အဖို့ တပ်ရင်းနှစ်ခု ပြန်တောင်းခံပြီး စင်္ကာပူတည်တံ့ရေးကို ဆောင်ရွက်ရန် လိုအပ်သည်။ ယခင် ဘဏ္ဍာရေးဝန်ကြီး “ဂိုကင်ဆွိ” သည်ပင် လွတ်လပ်ရေးရပြီးနောက် ချက်ချင်း ကာကွယ်ရေးဝန်ကြီး ဖြစ်လာရသည်။ သူသည် ဗြိတိသျှ ဦးဆောင်သော စင်္ကာပူ အပျော်တမ်းတပ်တွင် တပ်ကြပ်အဆင့်မျှသာ စစ်ပညာ သင်ယူခဲ့သော်လည်း သူသည် တပ်မတော်တစ်ခု တည်ထောင်ရန် အားပေးသူ ဖြစ်သည်။ “ကီဒရွန်” သည် ၁၉၆၂-၆၃ ခုနှစ်များတွင် ကျွန်တော်ထံ အကြိမ်ကြိမ် ချဉ်းကပ်ကာ စင်္ကာပူတွင် အစ္စရေး ကောင်စစ်ဝန်ရုံး ဖွင့်ရန် ပြောကြားဖူးသည်။ ဤသို့ ပြုလုပ်ရန် “တွန်ကူ” ကလည်း သဘောတူမည် ဖြစ်၍ မလေးရှားကို စောင့်နေစရာ မလိုကြောင်း သူက အာမခံခဲ့သည်။ သို့သော် ကျွန်တော်က လက်မခံခဲ့ပါ။ ကျွန်တော် တွက်သကဲ့သို့ မလေးရှားနိုင်ငံ ပေါ်လာသောအခါ “တွန်ကူ”က သဘောမတူ၍ အစ္စရေးကောင်စစ်ဝန်ရုံး မပေါ်ခဲ့ပါ။
 
စင်္ကာပူလေတပ်မှ အဆင့်မြင့်တိုက်ခိုက်ရေးရဟတ်ယာဉ် AH-64 Apache (U.S.A)
ကျွန်တော်သည် ကီဒရွန်၏ စစ်လေ့ကျင့်မှု ကူညီရေး ကမ်းလှမ်းမှုကို နားထောင်ခဲ့သည်။ သို့သော် “ကင်ဆွိ” ကိုတော့ အိန္ဒိယဝန်ကြီးချုပ် “လားလ်ဗဟာဒူးရှပ်စတြိ” နှင့် အီဂျစ်သမ္မတ “နာဆာ” ထံမှ ကျွန်တော် အကူအညီ တောင်းထားသော တပ်မတော်ဖွဲ့ရေးနှင့် ပတ်သက်သော အကြောင်းကြားစာများ၊ စာအပြန်ကို စောင့်ရန် ပြောခဲ့သည်။
“ရှပ်စတြီ” ကို ကျွန်တော်က တပ်မ (၅) ခုဖွဲ့ရေးအတွက် တပ်မတော် အကြံပေး ပုဂ္ဂိုလ်တစ်ဦး အကူအညီ တောင်းထားသည်။ နှစ်ရက်အကြာတွင် “ရှပ်စတြီ” ထံမှ စင်္ကာပူ ပြည်သူအပေါင်း ပျော်ရွှင်ကြွယ်ဝစေကြောင်း ဆုမွန်ကောင်း တောင်းလွှာ ရရှိခဲ့သော်လည်း ကျွန်တော် လိုချင်သော အကူအညီကို မပေးခဲ့ပါ။ “နာဆာ” ကလည်း စင်္ကာပူကို လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း၊ စာမှတစ်ပါး ဘာအကူအညီမှ မရခဲ့ပါ။ သူ့ထံမှ ကျွန်တော်သည် ကမ်းရိုးတန်း ကာကွယ်ရေးအတွက် ရေတပ်မတော်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်တစ်ဦး တောင်းခံထားသည်။ အိန္ဒိယအစိုးရသည် မလေးရှားနှင့် ဆန့်ကျင်ဘက် မရပ်တည်လိုကြောင်းကိုကား ကျွန်တော် နဂိုကတည်းက မျှော်လင့်ပြီးသား ဖြစ်ပါသည်။ သို့သော် ရင်းနှီးသော မိတ်ဆွေဖြစ်သည့် “နာဆာ” က ငြင်းပယ်ခြင်း အပေါ်တွင်မူ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါသည်။ ဤပုဂ္ဂိုလ်လည်း မလေးရှားရှိ မူဆလင်ခေါင်းဆောင်များနှင့် စည်းရုံးရေး မပျက်လို၍ ဖြစ်မည်ဟုသာ သဘောထား လိုက်ပါသည်။
ထို့ကြောင့် ကျွန်တော်က “ကင်ဆွိ” ကို အစ္စရေးတို့နှင့် ဆက်လုပ်ရန် ပြောလိုက်သည်။ ဤကိစ္စကို တတ်နိုင်သမျှ လူသိမခံဖို့တော့ သတိပေးလိုက်သည်။ ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာတွင် ဗိုလ်မှူးကြီး ဂျက်အီလာစာရီ ခေါင်းဆောင်သော အဖွဲ့တစ်ဖွဲ့ ရောက်လာသည်။ စက်တင်ဘာတွင် လူခြောက်ဦးပါသောအဖွဲ့ ထပ်လိုက်လာသည်။ သူတို့ကို ကျွန်တော်တို့ပုံဖျက်ကာ မက်ဆီကန်များဟု ခေါ်သည်။ သူတို့ကလည်း မက်ဆီကန်ပုံပေါက်၏။ စင်္ကာပူတွင် အခြေစိုက်သော ဗိုလ်မှူးချုပ် အယ်ဆာဂေါဖ်၏ တပ်ကသာ သိသွားပါက သူသည် ကျွန်တော်နှင့် ကျွန်တော့် ဝန်ကြီးများအဖွဲ့ကို အလွယ်တကူ ဖမ်းနိုင်မည်။ ထို့ကြောင့် ဤကိစ္စကို လျှို့လျှို့ဝှက်ဝှက် လုပ်ရခြင်းဖြစ်သည်။
 
စင်္ကာပူ ဝန်ကြီးချုပ်နှင့် အစ္စရေး ဒု-ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေးကိစ္စများ ဆွးနွေးနေကြစဉ်
ကျွန်တော်တို့ တပ်နှင့် ရဲတို့တွင် လူမျိုးပေါင်းစုံ ပါဝင်နေခြင်းပြဿနာကိုလည်း ကိုင်တွယ် ရဦးမည်။ လွတ်လပ်သော စင်္ကာပူသည် ရှေးဗြိတိသျှ ပုံစံဖြစ်သော တရုတ်လူမျိုး လေးပုံသုံးပုံနှင့် မလေးရဲနှင့် တပ်တို့ ပါဝင်သော တပ်ဖွဲ့ပုံစံမျိုး ဆက်လက် မကျင့်သုံးလိုတော့။ ဗြိတိသျှတို့သည် မလေးရှားတွင် မွေးသော မလေးလူမျိုးအများစုကို အခြေခံသောတပ်ဖွဲ့များ ဖွဲ့ပေးတတ်၏။ ထိုသူများက စင်္ကာပူသို့ လာပြီး အမှုထမ်းကြသည်။ တရုတ်လူမျိုးများထက် မလေးလူမျိုးများက စစ်မှုထမ်းရန် ပို၍ ဝါသနာပါကြသည်။ ကျွန်တော်တို့အဖို့ ရဲနှင့်တပ် အတွင်းသို့ တရုတ်နှင့် အိန္ဒိယလူမျိုးများ ပို၍ လက်ခံကာ လူမျိုးပေါင်းစုံ ရောနှောမှုကို လက်ခံရန် နည်းလမ်းတချို့ ရှာရမည် ဖြစ်၏။
မလေးရှားမှ ခွဲထွက်မှုလုပ်ပြီးနောက် မကြာခင်မှာပင် မလေးရှားအစိုးရ၏ မေတ္တာရပ်ခံမှုဖြင့် ကျွန်တော်တို့၏ တပ်ရင်း (၂) ရင်းကို ထိပ်တိုက်ရင်ဆိုင်မှု တာဝန်များ ထမ်းဆောင်ရန် “ဘာဘာ” မြို့သို့ လွှတ်ထားသော်လည်း ကျွန်တော်တို့သည် မလေးရှားနိုင်ငံနှင့် ချစ်ကြည်ရေး မပျက်လို၍ ထိုသို့ စစ်ကူ ပို့ပေးခြင်း ဖြစ်၏။ ထို့ကြောင့် တပ်ရင်း (၂) ရင်း၏ စစ်တန်းလျားများသည် အားလပ် ကျန်ရစ်ခဲ့၏။ တပ်ရင်း (၂) ရင်းသည် ၁၉၆၆ ခုနှစ် ဖေဖေါ်ဝါရီတွင် ပြန်လာရမည်။ မလေးရှား ကာကွယ်ရေးဝန်ကြီးက စင်္ကာပူတပ်ရင်းတစ်ခုကို မလေးရှားပြည်ပသို့ ပို့လွှတ်ရန် ဆက်လက်တောင်းခံခဲ့၏။ “ကင်ဆွိ” က သဘောမတူ။ ကျွန်တော်တို့အဖို့ စင်္ကာပူတွင် တပ်ရင်းနှစ်ရင်းစလုံး ထားလိုသည်။ ယခုအခါ စင်္ကာပူတွင် တပ်ရင်းတစ်ရင်းနှင့် မလေးရှားတပ် တစ်တပ်တို့သာ ရှိနေ၏။ မလေးရှားတပ်ရင်း တစ်ရင်းသည် စင်္ကာပူတပ်ရင်း (၂) ၏ စစ်တန်းလျားများတွင် အစားထိုး တပ်စွဲထားဆဲ ဖြစ်၏။ မလေးရှားအစိုးရအနေဖြင့် စင်္ကာပူကို ထိန်းချုပ်ရန် မလေးရှားစစ်တပ်ကို ထားရှိလိုဟန်တူသည်။
ထိုတပ်ကို ရွှေ့ပြောင်းရန် ကျွန်တော်တို့ တောင်းဆိုသော်လည်း မလေးရှားတို့က ဘဘောမတူ။ ကျွန်တော်တို့၏ တပ်ရင်း(၂) မှာမူ မလေးရှားနယ်စပ်တွင် ရွက်ဖျင်တဲများဖြင့် ဆင်းဆင်းရဲရဲနေကြရ၏။ အစားအသောက်ရော၊ ကျင်ကြီးကျင်ငယ် စွန့်ရေးတွင်ပါ ဖြစ်သလို နေကြရ၏။ “ကင်ဆွိ” က ကျွန်တော့်ကို ထိုတပ်ရင်းအား ဆက်လက်၍ ဤအတိုင်း ပစ်မထားသင့်ကြောင်း လာပြောသည်။ သူက အီတလီတပ်သားများ ပါဝင်သောတပ်ကို အုပ်ချုပ်ရသော ဗြိတိသျှ ဗိုလ်ချုပ်နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်ပြောပြ၏။
စင်္ကာပူမြို့မြောက်ဘက်ရှိ “ဆင်ဘာဝမ်” စခန်းတွင် ဗြိတိသျှတို့က ဆုတ်ခွာပေးသွား၍ ကျွန်တော်တို့က ထိုတပ်နေရာကို မလေးရှားတပ်အား ပေးလိုက်၏။ ၁၉၆၆ ခုနှစ် မတ်လလယ်တွင် သူတို့ ပြောင်းလာ၏။ ထိုနေရာတွင် (၁၈) လကြာနေပြီးမှ ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလတွင် သူတို့ ဆန္ဒနှင့် သူတို့ မလေးရှား ပြန်သွားကြသည်။

Karen United မှ တဆင့် ပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment