မနက်ဖြန် ၁၉ ရက်နေ့ ကျွန်ုပ် ဖခင် ဆုံးသွားတာ ၁၀ နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ ကျွန်တော့်အပါး မဆုံးခင် အခုလို မတ်လမှာ ကျွန်တော်နဲ့အတူ ညီ၊ညီမ ပေါင်း ၃ယောက် အဲဒီ ၂၀၀၃ ခုနှစ်မှာ ၁၀ တန်း စာမေးပွဲ တစ်ပြိုင်နက်ဝင်ဖြေကြတယ်။ ကျွန်တော်တို့ မောင်နှမ ၃ ယောက် ၁၀တန်းဖြေဆိုနေချိန်အတွင်းမှာပဲ အပါးဆုံးပါးသွားတယ်။ သူဆုံးတော့ အသက် ၇၁ နှစ်။ ကျွန်တော်တို့ ညီ အစ်ကို မောင်နှမ လေးယောက်နဲ့မိခင်ကြီး၊ မိသားစု ၅ ယောက်ပဲကျန်တာပေါ့။
ကျွန်တော်က ၁၀တန်းဖြေတာအခါခါကျပြီး နိုင်ငံခြားသင်္ဘောတက်ဖို့အတွက်ကြိုးစားရင်းနဲ့ ခဏနားနေတဲ့အချိန် အားလို့ဝင်ဖြေတဲ့သဘောနဲ့ဝင်ဖြေဖြစ်တာပါ။ ဆိုလိုတာက ဒီ ၁၀တန်းမအောင်လဲ CDC, Pass Port ကိုင်ထားပြီဆိုတော့ လိုင်းရှာဖို့ လိုင်းကြေးပေးထွက်ဖို့ပဲကျန်တာပါ။ အဲဒီနှစ်မှာပဲ ညီနဲ့ ညီမကတော့ ၁၀တန်း မအောင်ခဲ့ပါဘူး။ နောက်တစ်နှစ်မှာ ညီမကတော့ အောင်ပါတယ်၊ ညီကတော့ ယခုထိဆက်မဖြေတော့ပါဘူး။
ဒီလိုနဲ့ ကျွန်တော်ရည်ရွယ်တာက အဲဒီအချိန်က ခေတ်နဲနဲကောင်းသေးတဲ့ နိုင်ငံခြား သင်္ဘောသားဘဝပါ။ FG Sea Service ၃နှစ်ရရင် Second mate ဝင်ဖြေမယ်၊ အရာရှိလုပ်မယ် အဲဒီအတွေးနဲ့ အဲဒီလိုင်းကိုချိန်ရွယ်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော့်နဲ့အတူ LCD ကမ်းရိုးတန်းသင်္ဘောတွေပေါ်မှာ ဘဝတူလျှောက်လှမ်းခဲ့သူတွေကတော့ ယခုဆို နိုင်ငံခြားသင်္ဘောတွေပေါ်မှာ အရာရှိတာဝန်ထမ်းဆောင်နေကြပါတယ်။ ကျွန်တော့အနေနဲ့ကတော့ ကျွန်တော်ရင်းနှီးကျိုးစားခဲ့တဲ့ အချိန်တွေနဲ့ အရာအားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။ လုံးလုံးလျားလျား လိုင်းပြောင်းခဲ့ပါတယ်။
ကျွန်တော် တော်လို့ တတ်လို့မဟုတ်ပါဘူး။ ဒီနေ့ ဒီအချိန်မှာတော့ ကျွန်တော့်ရဲ့ တစ်ဦးတည်းကျန်ရှိတော့တဲ့ မိခင်ကြီးကို၊ ကျွန်တော့်အနေနဲ့ဥရောပမြောက်ပိုင်း နှင်းတွေကြားထဲက အေးခဲတဲ့ နိုင်ငံငယ်လေးမှာနေထိုင်နေရင်း မကြာမကြာ ဖုန်းဆက်ဖြစ်ပါတယ်။ ကျွန်တော့်အသက်လဲ ၃၃ ထဲဝင်ရောက်လာခဲ့ပါပြီ၊ မိခင်ကြီးလဲ ကျန်းမာနေပါသေးတယ် သူလဲ အသက်၇၀ ကျော်ပါပြီ ကျန်းမာနေသေးတော့ ဝမ်းသာရပါတယ်။ အစ်ကို၊ ညီ၊ ညီမ တွေဆီလဲ ဖုန်းဆက်ဖြစ်ပါတယ်။
ကျွန်တော်ရည်ရွယ်ထားတာတွေ အကုန်အစင် မပြီးမြောက်သေးပါဘူး။ ကျွန်တော် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ပြောဆိုတတ်ချင်ပါသေးတယ်။ အဲဒီတော့ ကျွန်တော် မနက်ဖြန်ကစပြီး အင်္ဂလိပ်စာကို ပြန်လည်လေ့လာမယ်လို့ စိတ်ကူးဖြစ်ပါတယ်။ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ကတော့ ကျွန်တော့်ရဲ့လုံ့လ ဝီရိယ ပေါ်မှာပဲ တည်မှီနေပါတယ်။
အင်္ဂလိပ်စကား ပြောတတ်ဖို့ ငါမနက်ဖြန်က စပြီး ကျိုးစားမယ်။အင်္ဂလိပ်စကား ပြောတတ်ဖို့ ငါမနက်ဖြန်က စပြီး ကျိုးစားမယ်။အင်္ဂလိပ်စကား ပြောတတ်ဖို့ ငါမနက်ဖြန်က စပြီး ကျိုးစားမယ်။
No comments:
Post a Comment